ဥရောပ ကားလောကရဲ့ ဘုရင်ကြီး Audiက သူ့ရဲ့ ကားတွေမှာ တပ်ဆင် အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီး လမ်းကြောင်းပြစနစ်သစ် တစ်ခုကို တီထွင်မိတ်ဆက်ခဲ့တာ တွေ့ရသလို ဒီစနစ်သစ်က Onlineက တစ်ဆင့် လမ်းကြောင်းတွေ ဆိုင်ရာအကူအညီတွေကို ပေးပို့ သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီစနစ်သစ်က လမ်းကြောင်းဆိုင်ရာ အကူအညီတွေကို ပေးသွားမယ် အပြင် တကယ်လို့ လမ်းကြောင်းတွေ ကျပ်တည်းနေချိန်တွေမှာ ဆိုရင် ကားရဲ့ ဆီစားနှုန်းကို သက်သာအောင် အင်ဂျင်ရဲ့ စွမ်းအင် အသုံးပြုမှုကို လျော့ချပေးမှာ ဖြစ်သလို တစ်ဆက်တည်း အနေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုနှုန်းလည်း လျော့နည်းစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ထပ် လုပ်ဆောင်ပေးမယ့် လုပ်ဆောင်ချက် တစ်ခုက ဒီစနစ်မှာ မီးနီ၊ မီးစိမ်းစနစ်တစ်ခု ပါဝင်မှာ ဖြစ်ပြီး တကယ်လို့ ယာဉ်မောင်းသူက သူ မောင်းနှင်နေတဲ့ လမ်းကြောင်းမှာ မှန်ကန်တဲ့ အမြန်နှုန်း၊ မှန်ကန်တဲ့ လမ်းကြောင်းရွေးချယ်မှုနဲ့ မောင်းနှင်နေမယ်ဆိုရင် မီစနစ်က မီးစိမ်းပြမှာ ဖြစ်ပေမယ့် တကယ်လို့ ယာဉ်မောင်းသူက လိုအပ်တာထက် ပိုတဲ့ အမြန်နှုန်း၊ မှားယွင်းတဲ့ လမ်းကြောင်းတွေမှာ မောင်းနှင်နေဖြစ်မယ် ဆိုရင် မီးနီပြပေးမှာ ဖြစ်တာကြောင့် ယာဉ်မောင်းသူကို သတိပေး စေ့ဆော်သလိုမျိုး ဖြစ်နေမှာ ဖြစ်ပြီး တကယ်လို့ ယာဉ်မောင်းသူက စနစ်က အချက်ပြတဲ့ အတိုင်း အမှန်ကို ရွေးချယ် မောင်းနှင်မယ်ဆိုရင် ရလဒ် အဖြစ် အဆိုပါ ကားဟာ ဆီစားနှုန်း ပိုမို သက်သာမှာလည်း ဖြစ်သလို ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်နှုန်းလည်း လျော့နည်း သွားစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစနစ်က Audiရဲ့ မကြာသေးခင်ကမှ တီထွင်အောင်မြင်ထားတဲ့ နည်းပညာသစ် ဖြစ်သလို ဒီစနစ်က Multi Media Interface(MMI)နဲ့ ချိတ်ဆက်လုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပြီး လမ်းကြောင်းပြ စနစ်ဆိုင်ရာ ဗဟို ထိန်းချုပ်စနစ်ကို အင်တာနက်က တစ်ဆင့် ချိတ်ဆက်လုပ်ဆောင်ဦးမှာလည်း ဖြစ်ပြီး လမ်းကြောင်းပြခြင်း လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပေးဦးမှာပါ။ ဒီလို အချက်ပြ လုပ်ဆောင်မှုတွေကိုတော့ ယာဉ်မောင်းသူရဲ့ ရှေ့မှာ တပ်ဆင်ထားမယ့် Driver Information System(DIS)ကနေ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီစနစ်ရဲ့ အားသာချက်ကတော့ သူ့ရဲ့ စနစ်က ဖော်ပြတဲ့ စနစ်အတိုင်း လိုက်လံကျင့်သုံး မောင်းနှင်မယ်ဆိုရင် ပုံမှန်ထက် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွတ်နှုန်း ၁၅ရာခိုင်နှုန်း လျော့နည်းမှာ ဖြစ်သလို တကယ်လို့ Audiရဲ့ နည်းပညာသစ်ကို ကားတိုင်းမှာ တပ်ဆင်အသုံးပြုသွားမယ်ဆိုရင် ဂျာမနီ တစ်နိုင်ငံတည်းမှာတင် တစ်နှစ်ကို ဆီဂါလံ ၂၃၈သန်းလောက် ချွေတာနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လင်းလင်း (IA)

0 comments:

Post a Comment

အဆင်မပြေတာလေးတွေဖြစ်ဖြစ် ဝေဖန်လိုတာတွေရှိရင်ပဲဖြစ်ဖြစ် ပြောခဲ့ပေးပါနော်...